ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ် ( ၁၈+ အခန်းဆက် အချစ်ဝထ္တု ရှည်ကြီး )
♥♥အပိုင်း(၁)♥“သီဟ !!! တဲနောက်ဘက်ကို တာဝန်ယူ .. မျက်စိကို ရှင်ရှင်ထား ..“
တပ်စိတ်မှုးစိုင်းဗလ၏ အမိန့်ပေးသံအဆုံးတွင် သီဟနှင့်တကွ တပ်သားလေးယောက်သည် ခပ်လှမ်းလှမ်းတွင် ရှိနေသော တဲငယ်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာခဲ့သည်။ အထက်ကပေးသည့် တာဝန်ကြောင့် သီဟတို့၏ အထူးတပ်စိတ်သည် လိုင်ဇာ၏ တောင်ကုန်းအမှတ် ၁၁၀၂ တွင် ရှိသော ရန်သူ့စခန်းကို ရှင်းလင်းရန် လျှို့ဝှက်စွာ ရောက်ရှိလာခဲ့တာ ဖြစ်သည်။ သတင်းအရဆိုလျှင် သီဟတို့ရှေ့တွင် ရှိနေသော တဲငယ်သည် အကြမ်းဖက်သမားများ၏ လျှို့ဝှက်လက်နက်များကို သိမ်းဆည်းထားရာ နေရာဖြစ်သည်။ ထို့အပြင် ဒီနေ့ ဒီအချိန်တွင် ရန်သူ့ဘက်က ခေါင်းဆောင်ပိုင်းအချို့ တွေဆုံဖို့ ချိန်ထားသည်ဟုလည်း သိထားသည်။ သို့ရာတွင် သီဟတို့ တဲငယ်၏ အစွန်ရှိ တောတန်းသို့ ရောက်နေသည်မှာ နေ့တစ်ပိုင်းကုန်တော့မည်။ သူတို့ ပုန်းနေရာမှ မျက်စိရှင်ရှင်ထားကာ ကြည့်နေပေမယ့် လူသူ အရိပ်အယောင်ဆို၍ ဘာဆိုဘာမှ မတွေ့။ ထို့ကြောင့်ပင် အချိန်ကြာလာသည်နှင့်အမျှ စိတ်မရှည်တော့သည့် တပ်စိတ်မှုးဆီမှ တဲငယ်ကို ရှင်းလင်းဖို့ အမိန့်သံ ထွက်လာတာ ဖြစ်သည်။
သီဟ ရိုင်ဖယ်သေနတ်ကို သေချာစစ်ဆေးပြီးနောက် လဲလျောင်းနေရာမှ ထကာ ဒူးထောက်၍ နေရာယူသည်။ အနည်းငယ် လှုပ်ရှားလိုက်မှုကြောင့် နောက်ကျောတွင် လွယ်ပိုးထားသည့် စစ်ပစ္စည်းအိတ်က ပို၍ လေးလံလာသည်ဟု ထင်ရသည်။ ကိစ္စမရှိ။ သူ ဒီလောက်တော့ ခံနိုင်ရည် ရှိသည်။ ကွန်မန်ဒိုသင်တန်းတွင် လေ့ကျင့်ခန်းဆင်းရတုန်းကဆိုလျှင် ဒီထက်မက လေးလံသည့် ပစ္စည်းများကို သယ်ပိုး၍ နာရီပေါင်းများစွာ လမ်းလျှောက်ခဲ့ရသည်။ ကုန်းကမူပေါင်းများစွာကိုလဲ ပြေးတက်၊ ပြေးဆင်း လုပ်ခဲ့ရသည်။ သီဟ အမောခံနိုင်သလို အကြမ်းလဲ ခံနိုင်ပါသည်။
အမှန်တကယ်ဆို Black Eagles ဟု လျှို့ဝှက်နာမည် ပေးထားသော သီဟတို့ အဖွဲ့တွင် သူသည် အသက်အငယ်ဆုံးဖြစ်သည်။ အသက် နှစ်ဆယ်ကျော်သာ ရှိသေးသည်မို့ တပ်ဖွဲ့မှုးခေါင်းဆောင်ဖြစ်သော စိုင်းဗလနှင့် ယှဉ်လိုက်လျှင် သီဟသည် ချာတိတ်သာသာပင်။ သို့ရာတွင် သီဟတို့ တစ်ဖွဲ့လုံး ဘယ်သူမှ သူ့ကို မလေးမစား မဆက်ဆံကြ။ အင်မတန်မှ လက်ဖြောင့်သည့်အပြင်၊ မာရေကြောရေ နိုင်ကာ ဒူပေဒါပေ ခံလှသည့် သီဟကို အားလုံးက လက်မြှောက်ထားကြရသည်။ ထို့ကြောင့် တပ်ဖွဲ့မှုးက ပေါ့ပေါ့ပါးပါးနှင့် ခရီးထွက်ဖို့ မှာခဲ့ပေမယ့်၊ သီဟက စစ်မြေပြင်သုံး လက်နက်ကိရိယာတွေကို သိမ်းကျုံးထည့်ကာ လွယ်လာသည်ကို ဘယ်သူမှ ဘာမှ ၀င်မပြောခဲ့တာ ဖြစ်သည်။
သစ်လုံးတဲ၏ နောက်ဖေးဘက်ရှိ တံခါး၏ တစ်ဖက်တစ်ချက်ဆီသို့ သီဟတို့ လေးယောက်ပြေးကပ်ကာ နေရာယူသည်။ ရိုင်ဖယ်ကို အသေအချာ ကိုင်ထားလျှက် သီဟလက်မှ အချက်ပြ တိုင်မင်ပေးသည်။ အချက်စေ့၍ သစ်သားတံခါးကို ကန်ဖွင့်တော့မည့် ဆဲဆဲတွင် တဲထဲမှ အသံတိုးတိုးတစ်ခုကို ကြားလိုက်ရသည်။
“သီဟ .. ဘာသံလဲ .. တယ်လီဖုန်းသံလိုလိုပဲ ..“
သီဟနောက်နားတွင် ကပ်ကာ ရှိနေသူ ၀င်းထင်ထံမှ ဝေခွဲမရစွာမေးသံ ပေါ်လာသည်။ သီဟ ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ။ မျက်မှောင်ကို ကြုံ့ကာ စဉ်းစားရင်း တိုးတိုးမှန်မှန် ပေါ်ထွက်နေသည့် အသံကို နားစိုက်ကြည့်သည်။ ရုတ်တရက်ဆိုသလို သီဟ မျက်လုံးအစုံ ပြူးကျယ်သွားသည်။
“အား !!… အားလုံး ..“ “၀ုန်း“
သီဟ စကားသံ မဆုံးလိုက်ပေ။ အင်မတန်မှ ပူလောင်ပြင်းထန်သည့် အားလှိုင်းတစ်ခုကို ခံစားလိုက်ရပြီး သူ့ကိုယ်သည် လေထဲသို့ မြှောက်တက်သွားသည်။ ဗုန်းခနဲ မြည်သံနှင့်အတူ သူ့ကိုယ်က မြေပြင်ပေါ် ပြန်အကျတွင် သီဟ ကိုယ်အနှံ့အပြားမှ နာကျင်မှုကို ခံစားရသည်။ အသည်းခိုက်လောက်အောင် စူးရှလှသည့် ထိုးဆွမှုတွေကြောင့် သီဟ ချက်ချင်း သတိလစ်တော့မတတ်ဖြစ်သည်။ အတတ်နိုင်ဆုံး စိတ်ကို တင်းထားလိုက်ပြီး သီဟ ကျရာနေရာမှ လှိမ့်ထွက်သည်။ နားထဲတွင်မူ တဖြစ်ဖြစ် တောက်လောင်နေသည့် မီးစွဲသံတွေနှင့်၊ ကမ္ဘာပျက်မတတ်အော်ညည်းနေကြသည့် သူ့တပ်ဖွဲ့သားတွေ၏ အော်သံများက မကြားချင်မှ အဆုံးပင်။ ပေါက်ကွဲရာ နေရာမှ ခပ်လှမ်းလှမ်းသို့ အရောက်တွင် ရိုင်ဖယ်သေနတ်ကို မြေပြင်ပေါ် စိုက်ကာ သူအားတင်း၍ ထသည်။ ဘယ်ဘက်ခြေထောက်က ကောင်းကောင်းထောက်မရတော့သလို သူအမြင်အာရုံကလဲ ပီပီပြင်ပြင် ရှိမနေချေ။ သီဟ နာကျင်မှုကို လျစ်လျူရှုပြီး တစ်လှမ်းချင်း စလျှောက်သည်။ ဘယ်ကို လျှောက်မိမှန်း သူမသိသလို၊ ဘယ်လောက်အထိ လျှောက်မိမှန်းလဲ သူမသိ။ သူ့နားထဲတွင် မီးလောင်သံ၊ အော်ညည်းသံများသည် တစစ အဝေးမှာ ကျန်ရစ်ခဲ့လေသည်။
တောင်စွယ်တွင် နေကွယ်ချေပြီ။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုက ကြီးစိုးလာသည်နှင့်အမျှ သီဟအဖို့ လမ်းလျှောက်ရတာ ပို၍ ခက်ခဲလာသည်။ သူရောက်ရှိနေသည့် နေရာက ထူထပ်သိပ်သည်းသည့် တောတန်းတစ်ခုမို့ နေမင်း ကွယ်ပျောက်သွားချိန်တွင် အလင်းရောင်ဆို၍ ဘာဆိုဘာမှ မရှိ။ ဘယ်နေရာ ကြည့်ကြည့် အမှောင်ကသာ နေရာယူထားသည်။ ဒီအတိုင်းဆိုလျှင် သူဘယ်လိုမှ ခရီးဆက်သွားလို့ မဖြစ်။ သီဟ အသက်ကို ကြိုးစားရှူရင်း လှုပ်ရှားမှုကို ရပ်ကာ အနားကို မျက်စိကစား ကြည့်သည်။ ဆယ်ပေကျော်ကျော်အကွာအဝေးတွင် သစ်ပင်ကြီးတစ်ခုကို တွေ့သည်။ ဒီညတော့ သစ်ပင်ခြေရင်းတွင်ပင် စခန်းချရပေတော့မည်။ သီဟ စိတ်တင်းကာ သစ်ပင် ခြေရင်းသို့ တစ်လှမ်းချင်းတိုးသွားသည်။
ဘာမှ မဟုတ်သည့် အကွာအဝေးပေမယ့် ရောက်ဖို့တော့ သီဟ တော်တော်အားထုတ်လိုက်ရသည်။ သစ်ရွက်ခြောက်များ ပြန့်ကျဲနေသည့် သစ်ပင်ခြေရင်းသို့ အရောက်တွင် သီဟ ဘယ်လိုမှ ထိန်းမထားနိုင်တော့ပဲ ပစ်လဲကျသည်။ မရဏသေမင်းသည် သူ့ကို အန်တုက ဖက်ပြိုင်နေသည့် သီဟကို စိတ်ဆိုးနေဟန်တူသည်။ ပုံ့ခနဲ လဲကျသွားသည့် သီဟကို ပြန်ထမလာနိုင်အောင် ခန္ဓာကိုယ်အနှံ့အပြားကို နာကျင်စေမှုနှင့် ရက်ရက်စက်စက် တုံ့ပြန်သည်။
“ဟား … ဟား .. ဟား … “
သီဟ၏ နှုတ်မှ ခြောက်ကပ်ကပ် ရယ်သံက တိတ်ဆိတ်နေသည့် တောထဲတွင် ပြန့်နှံ့သွားသည်။ သူ သေရမည်ကို မကြောက်။ အဖေ၊ အမေမရှိ၊ ညီအစ်ကို မောင်နှမ မရှိ။ ချစ်သူ ရည်းစား မရှိသည့် သူ့အဖို့ လူ့လောကသည် အစကတည်းက နေချစ်စရာ ကောင်းလှသည် မဟုတ်။ သေခြင်းတရားသည် သူ့အတွက်တော့ နွံအိုင်တွေထဲမှ ခြေထောက်ကို ဖမ်းတွယ်တတ်သည့် မြော့ကြီးများလောက်တောင် ကြောက်စရာ ကောင်းလှသည်မဟုတ်ပေ။ မထီတရီ နိုင်လှသည့် အပြုံးတစ်ခုက သူ့မျက်နှာတွင် မိမိရ ရှိကာနေသည်။
သို့ရာတွင် လောကသည် တခါတရံတွင် ဆန်းကျယ်လှသည်။ ရတာမလို၊ လိုတာမရ ဖြစ်တတ်သည်က လောက၏ လှည့်စားမှု တစ်ခုပင်။ အခုလဲကြည့်။ သေလောက်အောင် ဒဏ်ရာအနှံ့အပြား ရနေသည့်တိုင် သီဟ မသေသေးပေ။ တုတ်တုတ်မျှ မလှုပ်ပဲ လဲလျောင်းနေရသည့် အချိန်ပိုင်းအတွင်း သူ့အသိစိတ်က တစတစ ပြန်ကြည်လင်လာသည်။ အချိန်အနည်းငယ် ကြာသွားပြီးနောက် သီဟ ကြိုးစား၍ သူ့ကိုယ်ပေါ်က မခွာရသေးသည့် ကျောပိုးအိတ်ကို ဖြုတ်ချကြည့်သည်။ ဗုတ်ခနဲ မြည်သံနှင့်အတူ လေးလံသည့် အရာတစ်ခုက သူ့ကိုယ်ပေါ်မှ ကွာသွားသည်။ ပေါ့ပါးသွားသည်မို့ သီဟ “ဟူး“ခနဲ မြည်အောင် အသက်ကို ရှူလိုက်ပြီး ကိုယ်ကို ကြိုးစားမတ်ကြည့်သည်။ သစ်ပင်ကြီး၏ ပင်စည်ကို မှီလျက် တဆစ်ချိုး ထိုင်လို့ရသွားသည်။ အနည်းငယ် သက်တောင့်သက်သွား ရှိသွားသဖြင့် သီဟ တော်တော်ပျော်သွားလေသည်။
သို့သော် သူ့အပျော်သည် တာရှည်မခံ။ ခပ်လှမ်းလှမ်းမှနေ၍ ဂူးခနဲ မာန်ဖီသည့် အသံများကို သီဟ ကြားလိုက်ရသည်။ အန္တရာယ်အချက်ပေး ခေါင်းလောင်းသံများက သီဟ၏ ခေါင်းထဲတွင် ဆူညံသွားသည်။ မောင်းပြန်ရိုင်ဖယ်ကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး PEQ box နှင့်တွဲထားသည့် စပေါ့လိုက်မီးကို အသံကြားရာသို့ ချိန်ဖွင့်သည်။
“မင်း မေ …ခွေးမသား …“
သီဟနှုတ်မှ ဆဲသံက တစ်ပိုင်းတစနှင့်ရပ်သည်။ ခွေးမသားလို့ ဆဲလို့ စပေါ့လိုက်မီးရောင်အောက်မှ သတ္တ၀ါက အရေးစိုက်မည် မထင်။ ခွေးကို ခွေးသားလို့ ဆဲခြင်းသည် သူတို့အဖို့တော့ ဘာမှ ထူးခြားမှု ဖြစ်မည်မထင်။ သီဟ ကံကြမ္မာကိုသာ ကျိတ်ပြီး အပြစ်တင်ရင်း နီရဲနေသည့် မျက်လုံးများနှင့် သူ့ကို စိုက်ကြည့်နေသည့် အကောင်တွေကို ရေတွက်သည်။
“တစ်ကောင် .. နှစ်ကောင် .. သုံးကောင် .. အားပါးပါး .. မနည်းပါလား ..“
ငါ .. ဒီညတော့ တကယ်သေပြီ ထင်ပါရဲ့ ။ ဟုတ်ပေသည်။ သီဟကို ၀ိုင်းထားသည်က ၀ံပုလွေအုပ်စု။ ရိုးရိုးဝံပုလွေတောင်မှ ဟုတ်ရဲ့ လားမသိ။ အကောင်ကြီးတွေက နည်းတာမဟုတ်။ သွားစွယ်အဖွေးသား ပေါ်အောင် တဂူးဂူး တဂဲဂဲ မာန်ဖီလျက် သီဟကို ရန်လိုသည့် အကြည့်နှင့် ကြည့်နေကြသည်။ သီဟ အချိန်ဆိုင်းမနေတော့။ သူ့အသက် ကိုယ့်အသက် လုရတော့မည်မို့ ရိုင်ဖယ်၏ ခလုတ်ကို ဆွဲချဖို့ ပြင်သည်။
“ဂါး … ဒတ် .. ဒတ် … ဂူး … ဒတ် .. ဒတ် …“
ရိုင်ဖယ်သေနတ်သံနှင့် ၀ံပုလွေတို့၏ မာန်ဖီသံများက ဆူညံသွားသည်။ သီဟဘက်မှ လက်ဦးမှု ယူပေမယ့် ဒီတိုက်ပွဲတွင် သူမနိုင်ပါ။ ၀ံပုလွေ လေးကောင် သူ့အနားတွင် ပုံကာ လဲကျသွားပြီးနောက် သူ့လက်ထဲမှ ရိုင်ဖက်ကို ၀ံပုလွေတစ်ကောင်က ကိုက်ယူသွားခြင်းခံလိုက်ရသည်။ တချိန်ထဲမှာပင် သူ့ဘယ်ဘက်ခြေထောက်မှ အသားဆိုင်တွေ ဖွာခနဲ လွင့်ထွက်သွားသလို ခံစားရသည်။
“အား !!! …“
နာနာကျဉ်းကျဉ်း အော်ညည်းလိုက်ပြီးနောက် သီဟ တစ်ယောက် မျက်စိကို စုံလုံးမှိတ် ထားလိုက်သည်။ ဘာကိုမှ သူဂရုမစိုက်တော့။ သေမင်းသည် ဒီတစ်ခါတော့ သူ့ကို မရဏနိုင်ငံသို့ မပါပါအောင် ခေါ်တော့မည်။ သူ့လည်မျိုကို ကိုက်ခဲလာမည့် ၀ံပုလွေ၏ သွားစွယ်တွေကိုသာ သီဟ စောင့်မျှော်နေတော့သည်။
“ရှီ …. ရှီ ….“
ကံဇာတ်ဆရာသည် တခါထပ်၍ မျက်လှည့်ပြချေပြန်ပြီ။ အချက်ပေးသံလိုလို အသံတစ်ခုကို နားမခံနိုင်အောင် ကြားလိုက်ရသည်။ ထိုအသံ၏ အဆုံးတွင် သီဟကိုယ်ပေါ်ကို ခုန်အုပ်ဖိထားသော ၀ံပုလွေသည် စူးရှစွာ အော်မြည်လျက် နောက်သို့ ဆုတ်သွားသည်။ ဘာတွေ ဖြစ်ကုန်တာလဲ ဟ။ ရုတ်ချည်းပြောင်းလဲသွားသော အဖြစ်အပျက်ကြောင့် သီဟ အံ့အားသင့်မိသည်။ မြေပြင်ပေါ် ပြုတ်ကျနေသည့် ရိုင်ဖယ်ကို ကြိုးစားပြီး ကောက်ဖို့ပြင်သည်။ သို့ပေမယ့် သူ့လက်က ရိုင်ဖယ်ကို ထိခါနီးဆဲဆဲ အချိန်တွင် သီဟ၏ လှုပ်ရှားမှုသည် ရပ်တန့်သည်။ သူ့ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွားပြီးနောက် တလောကလုံး မှောင်အတိ ဖုံးလွှမ်းသွားလေတော့သည်။
သီဟ သတိပြန်ရလာချိန်တွင် ပတ်ဝန်းကျင်သည် အမှောင်ထုအောက်၌ ရှိမနေတော့ပါ။ နံနက်ခင်း၏ နေရောင်သည် သူလဲလျောင်းနေရာရှိ သစ်ပင်ကြီး၏ အရွက်ဖားဖားများကြားမှ ထိုးဖောက်ကာ သူ့မျက်နှာပေါ်သို့ ကျရောက်နေလေသည်။ သီဟ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်ပြုရင်း ပင်ပန်းနွမ်းနယ်နေသော မျက်ဝန်းတွေကို ကြိုးစားကာ ဖွင့်သည်။ စက္ကန့်ပိုင်းမျှ ကြာအောင် သူဘာမှ မလှုပ်ရှားမိသေးပဲ ကောင်းကင်ကြီးကို မော့ပြီး ကြည့်နေမိသည်။ သူ နောက်ထပ်တစ်ဖန် သေမင်းလက်မှ လွတ်မြောက်ခဲ့ပြန်ပြီ ဖြစ်သည်။ သို့ရာတွင် သီဟ စိတ်ထဲ၌ ထူးထူးဆန်းဆန်း ပျော်ရွှင်သည် မဖြစ်။ အမှန်အတိုင်းဆိုရလျှင် အနည်းငယ်တောင် စိတ်ပျက်နေသေးသည်ဟု ပြောရပေမည်။
“မင်း .. ငါ့ကို ဘယ်လိုနည်းနဲ့မှ ပေးမသေတော့ဘူးလား?? …“
စိတ်ပျက်လက်ပျက် ညည်းညူအော်ဟစ်မိသည့် သီဟ၏ စကားသံအဆုံးတွင် သူ့ညာဘက်ဘေးမှ လှုပ်ရှားသံတစ်ခုကို ကြားရသည်။
“ရှင် ဒီလိုသေချင်မှန်းသိရင် ကျမ မကယ်ခဲ့ပါဘူး …“
သီဟ စကားပြောသံလာရာသို့ ခေါင်းစောင်းကာ လှည့်ကြည့်မိသည်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရုတ်တရက် နှလုံးခုန်ဖို့တောင် မေ့လျော့သွားသည်။ ကွန်မန်ဒို စစ်သားတစ်ဦးဖြစ်ပေမယ့် လူငယ်၊ လူရွယ်တစ်ယောက်မို့ သီဟ အချစ်နှင့် မကင်းခဲ့ပေ။ အချစ်နှင့် မကင်းသည့်အလျောက် မိန်းကလေးများနှင့် သူရင်းနှီးကျွမ်းဝင်ဖူးသည်။ သို့သော် သူ့ညာဘက်က ခပ်လှမ်းလှမ်းရှိ သစ်မြစ်ဆုံတစ်ခုပေါ်တွင် ထိုင်ကာနေသည့် မိန်းမငယ်လေးလောက် လှပသည့် မိန်းမကို မတွေ့ဖူးသေးပေ။ စာတွေထဲတွင် ပြောလေ့ရှိသည့် အသက်ရှူမှားလောက်အောင် လှသည့်အလှဆိုတာ ဒါကို ပြောတာ ဖြစ်ရမည်ဟု သူ ရူးကြောင်ကြောင် တွေးမိသည်။ သီဟ ရုတ်တရက် ဘာလုပ်လို့၊ ဘာပြောရမှန်းမသိ။ မျက်လုံးအပြူးသားနှင့်သာ မိန်းကလေးကို ခြေဆုံးခေါင်းဆုံး စိုက်ကြည့်နေမိသည်။
မိန်းကလေးသည် ထူးထူးဆန်းဆန်း တောတွင်းသူများကဲ့သို့ ၀တ်စားထားသည်။ လှပချောမွေ့သည့် မျက်နှာအနေအထားကြောင့် မိန်းကလေး၏ အသက်ကို သီဟ မမှန်းဆနိုင်ပေ။ မျက်နှာကလေးက နုနယ်ပေမယ့်၊ ကျန်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းများကမူ ထွားကျိုင်းလှသည်။ တာဇံမလေးသဖွယ် ၀တ်စားထားသည့် အ၀တ်အစားများကြောင့် မိန်းမငယ်လေး၏ လျှို့ဝှက်အပ်သော နေရာမှအပ ကျန်သည့် အသားဆိုင်များကို ပကတိအတိုင်း မြင်နေရသည်။ သီဟ တစ်ယောက် ကြည့်နေရင်းနှင့် အသက်ရှူမြန်လာသည်မို့ သူ့အကြည့်ကို မိန်းမငယ်လေး၏ကိုယ်ပေါ်မှ အမြန်ဖြတ်ကာ မျက်နှာလေးသို့သာ ပြန်စိုက်ကြည့်လိုက်သည်။ ထိုရောအခါမှ မိန်းမငယ်လေး၏ မျက်နှာတွင် ထူးခြားမှုတစ်ခုကို သီဟ သွားတွေ့သည်။ ဟင် .. သူ့မျက်လုံးတွေက အ၀ါရောင်ပါလား။ သူ့အကြည့်များ မှားသွားတာလားဆိုပြီး မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြန်ကြည့်သည်။ သီဟ အကြည့်မမှား။ သူမ၏ မျက်လုံးတွေသည် တကယ်ပင် ကြောင်တစ်ကောင်၏ မျက်လုံးအလား အ၀ါရောင်တောက်ကာ လက်နေသည်။ ထို့အပြင် သီဟ နောက်ထပ်တစ်ခါ ထူးခြားမှုတစ်ခုကို မိန်းမငယ်လေး၏ ခေါင်းပေါ်တွင် ထပ်တွေ့သည်။ သူမ၏ နားရွက်တွေသည် သားရဲတိရစ္ဆာန်တစ်ကောင်၏ နားရွက်များနှယ် ရှည်ကာထွက်နေသည်။ ဒါ … ဒါ ..
“မင်း … ဘယ်သူလဲ …“
စိတ်လှုပ်ရှားမှုကို ကြိုးစားထိမ်းကာ မေးလိုက်သည့်တိုင် သီဟ အသံသည် အနည်းငယ်တုန်ခါနေသည်။ မိန်းကလေးသည် သီဟ၏ အမေးကို မဖြေ။ ထိုင်နေရာမှ ထကာ သူ့ဆီသို့ လျှောက်လှမ်းလာသည်။ သီဟ ရင်ထဲ ရုတ်ချည်းဆိုသလို ထိတ်လန့်မှု လွှမ်းမိုးလာသည်။ သူလဲနေရာမှထဖို့ ကြိုးစားသည်။ သို့သော် သူထလို့မရ။ သီဟ အခုမှ သတိထားမိသည်။ သူ၏ လက်နှစ်ဖက်သည် ရှေ့တွင် ရှိမနေပဲ နောက်ကျောဘက်သို့ ရောက်ကာ ချည်နှောင်ထားခြင်း ခံရသည်ကို။ သီဟ သူ့ကိုယ်သူ ကျိတ်ကာဆဲမိသည်။ သတိပြန်ရလာတာ အချိန်အနည်းငယ်ကြာသွားပေမယ့် သူအခုမှ လက်ပြန်ကြိုးတုတ်နှောင်ခံထားရသည်ကို သိရတယ်လို့။
“တောက် !! … ဟေ့ …. မင်း .. ငါ့ကို ဘာလို့ကြိုးတုတ်ထားတာလဲ … အခုဖြေပေစမ်း ..“ “မဖြေပေးနိုင်ဘူး … ရှင့်ကို ကျမ အဖေရှိရာကို ခေါ်သွားပြီး ကျမတို့ အမျိုးအနွယ်တွေကို သတ်ဖြတ်မှုရယ်၊ နယ်မြေ ကျူးကျော်မှုရယ်အတွက် စစ်ဆေးရဦးမယ် ..“
မိန်းကလေး ဘာဆိုလိုသည်ကို သီဟ နားမလည်။ သူမတို့ အမျိုးအနွယ်။ အဲဒါ ဘာလဲ။ သူ သတ်ပစ်လိုက်တဲ့ ၀ံပုလွေတွေကို ဆိုလိုတာလား။ ဒါဆို သူမက .. ။
“ဟေ့ .. မင်း ငါ့ကို နောက်နေတာလား … ငါက နယ်မြေ ကျူးကျော်ရအောင် မင်းတို့က ဘာတွေမို့လို့လဲ .. ငါ .. အာ ..“
သီဟ၏ စကားက တစ်ပိုင်းတစ်စနှင့် ရပ်သွားရသည်။ တောတွင်းသူ မိန်းမလှလေး၏ လက်က သူမ၏ နောက်ကျောဘက်ရှိ လွယ်ထားသော အရာတစ်ခုကိုဆွဲထုတ်လိုက်သည်။ သူ့လည်ပင်းပေါ်သို့ ရုတ်ချည်းဆိုသလို ရောက်လာသည်က အရောင်တလက်လက်ထနေသာ ဓါးရှည်တစ်ချောင်း။
”ကျမအဖေကသာ ရှင့်ကို အသက်ရှင်လျှက် ခေါ်လာခဲ့ဖို့ မမှာထားဘူးဆိုရင် ရှင့်ခေါင်းက အခုအချိန် ရှင့်ကိုယ်ပေါ်မှာ ရှိတော့မှာ မဟုတ်ဘူး .. အဲဒီတော့ ဘာစကားမှ မရှည်ပဲ ကျမ ခေါ်တဲ့နောက်သာ လိုက်ခဲ့ပေတော့ ..“ “ဟုတ်လား .. ဒါဆိုရင်တော့ မင်းအဖေကို ငါက ကျေးဇူးတင်ရဦးမှာပေါ့ ..“
သီဟ မခံချင်သည့်စိတ်ကြောင့် ခေါင်းကို မလှုပ်ရဲသည့်တိုင် နှုတ်တွန့်တော့ ပြန်မိသည်။ မိန်းကလေးသည် သီဟကို စူးစူးစိုက်စိုက်ကြည့်ပြီး အေးစက်သည့်လေသံနှင့် စကားတစ်ခွန်းကို ဆိုသည်။
“ရှင် ဘယ်လောက်အထိ ကျေးဇူးတင်တယ်ဆိုတာ ကျမအဖေနဲ့တွေ့မှ ပြော .. အခုတော့ ရှင့်ပါးစပ်ကို ပိတ်ထား.. နောက်ထပ် ရှင့်ပါးစပ်က စကားတစ်ခွန်း ထပ်ထွက်တာနဲ့ ကျမကို အဆိုးမဆိုနဲ့“
သီဟတို့ နှစ်ယောက် လမ်းလျှောက်လာသည်မှာ အချိန်နှစ်နာရီခန့် ကြာခဲ့ပြီဖြစ်သည်။ နှစ်နာရီဆိုသည်မှာ တကယ်ဆိုလျှင် ဘယ်လောက်မှ မဟုတ်သည့် ကာလ အပိုင်းအခြားတစ်ခု ဖြစ်သော်လဲ၊ စကားတစ်ခွန်းမှ မပြောပဲ တရွတ်တိုက်ဆွဲခေါ်မှုကို ခံလာရသည့် သီဟအတွက်တော့ အင်မတန်မှ ပျင်းရိစရာကောင်းလှပေသည်။ သီဟ ချည်နှောင်ထားခြင်း ခံရသည့် သူ့လက်ကို ကြိုးစားကာဖြေကြည့်သေးသည်။ တာဇံမသည် သူ့ကို ဘယ်လိုနည်းနှင့် ချည်နှောင်ထားသည် မသိ။ ဖြေလို့မရ။ သူ လက်ကောက်ဝတ်တွေ ပွန်းပံ့ကုန်တာပင် အဖတ်တင်သည်။
“ဟေ့ … မင်း နာမည် ဘယ်လိုခေါ်လဲ …“
ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ၊ ခေါ်ဆောင်ရာနောက်သို့ ပျင်းရိညည်းငွေ့စွာ လိုက်လာရမှုကြောင့် သီဟ ပါးစပ်ပိတ်ကာ မနေနိုင်။ ရှေ့မှသွားနေသော မိန်းကလေးသည် သီဟ စကားကို မကြားသည့်အလား၊ လှည့်တောင်မကြည့်ပဲ ဆက်၍ သွားသည်။ ခြေလှမ်းကို ပို၍ မြန်စွာ လျှောက်သွားမှုကြောင့် သူ့လည်ပင်းတွင် ချည်နှောင်ထားခြင်း ခံရသော ကြိုးကွင်းက တင်းခနဲ ဖြစ်သွားသည်။ သီဟ လည်ပင်းအစ်မလို ဖြစ်သည်။ ကမန်းကတမ်း ခြေလှမ်းကို မြှင့်တင်လိုက်ရသည်။ ဒေါသ ထောင်းခနဲ ထွက်သွားသည့်အလျောက် ..
“ငါက စကားကောင်းကောင်း မေးနေတာ .. မင်းက မပြောချင်ဘူး .. အေးရတယ် .. မင်းမပြောရင် ငါမင်းကို ကြိုက်တဲ့နာမည်နဲ့ ခေါ်မယ် … “ခွေးမ“ ဆိုရင် ကောင်းမလား ..“
သီဟ နှုတ်မှ “ခွေးမ“ ဆိုသည့် စကားထွက်ထွက်လာချင်း ရှေ့မှသွားနေသူ မိန်းကလေး၏ ခြေလှမ်းတွေရပ်သည်။ သီဟ ကိုယ်တိုင် လမ်းလျှောက်နေမှုကို ရပ်လိုက်ပြီး တာဇံမ ရန်ပြုလာပါက ခုခံဖို့ ခြေထောက်ကိုခြဲကာ နေရာယူထားလိုက်သည်။ သို့သော် မိန်းကလေးက ရန်ပြုလာခြင်း မရှိပါ။ သူ့ကို စိမ်းခနဲ တစ်ချက်သာ စိုက်ကြည့်သည်။ ပြီးမှ ..
“ကျမ နာမည် .. လင်းသဒ္ဒါ ..“
သီဟ အံ့အားသင့်သွားသည်။ လင်းသဒ္ဒါဆိုသည့် နာမည်ကို သူပြန်ရွတ်ကြည့်မိသည်။ လှလိုက်သည့် နာမည်။ သူမနှင့် လိုက်ဖက်လှသည်။ ဒီ လင်းသဒ္ဒါဆိုသည့် ကောင်မလေးကို ခေတ်ပေါ်မိန်းကလေး အ၀တ်အစားနှင့် မြို့ပေါ်မှာသာ တွေ့လိုက်လျှင် ယခုခေတ် နာမည်ကြီးနေသော မော်ဒယ်လ်များထက်ပင် သာသွားပေမည်။ သီဟ တစ်ယောက် အတွေးနယ်ချဲ့နေမိစဉ်တွင် လင်းသဒ္ဒါသည် ရှေ့ကို မျက်နှာပြန်လှည့်သွားပြီး သူမရှေ့ရှိ ချုံတစ်ခုကို ဓါးဖြင့်ဖယ်ကာ တိုးသွားသည်။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်သည့် သီဟ နောက်ထပ်တစ်ခါ လည်ပင်း အစ်မခံရအောင် အမြန်လိုက်သည်။
“ဟေ့ …“
နောက်ထပ်စကားရှည်ဖို့ ပြင်နေသော သီဟ၊ ချုံဖုတ်အကွယ်မှ လှမ်းမြင်ရသော မြင်ကွင်းကြောင့် စကားပြောဖို့ မေ့သွားသည်။ သူမျက်စိတွင် မြင်လိုက်ရသည်က တောင်ကြားတစ်ခု။ ရိုးရိုး တောင်ကြားမဟုတ်။ လူနေအိမ်ခြေ အလုံးလေးငါးဆယ်ထက် မနည်းစုဝေးကာရှိနေသော တောင်ကြားတစ်ခု။ ဒါ လင်းသဒ္ဒါပြောသည့် သူမ အဖေ၏ နေရာများလား။ သူ့အနားတွင် အတူယှဉ်ကာ ရှိနေသော လင်းသဒ္ဒါဘက် လှည့်ကြည့်ကာ …
“လင်းသဒ္ဒါ .. ဒါ မင်းတို့ နေရာလား …“ “ဟုတ်တယ် … အခု အချိန်ကစပြီး ရှင် ပါးစပ်ပိတ်ပြီး ပြန်နေရင် ကောင်းမယ် ထင်တယ် ..“
လင်းသဒ္ဒါ မြင်သည်မမြင်သည် မသိ။ သီဟ ပုခုန်းနှစ်ဖက်ကို တွန့်ပြပြီး နောက်ကနေ ဆင်းလိုက်လာခဲ့သည်။ စိတ်ထဲမှတော့ ပေါက်တတ်ကရတွေ သူလျှောက်တွေးနေမိသည်။ လင်းသဒ္ဒါ .. ဒီလောက်လှတဲ့ကောင်မလေး။ ငါနောက်ကနေ လိုက်လာတုန်း ကျိတ်ပြီး ပြစ်မှားနေတာတွေ မသိဘူး။ အခွင့်အရေးရလို့ရှိလျှင်တော့ ဒီဟာမလေးကို ကောင်းကောင်းလုပ်ပစ်ရမယ်။ လင်းသဒ္ဒါနဲ့ ငါနဲ့သာ ညိလို့ရှိလျှင် လင်းသဒ္ဒါအဖေဆိုတာ ငါ့ယောက္ခမ ဖြစ်သွားမှာပဲ။ ဒါဆိုလျှင်တော့ ငါ့အသက်ကို ချမ်းသာပေးကောင်းပါရဲ့ … ဟင်း .. ဟင်း။
သီဟတို့နှစ်ယောက် အိမ်ကလေးများရှိရာ တောင်ကြားထဲသို့ ဆင်းသွားချိန်တွင် သူတို့နှစ်ယောက် ခေတ္တရပ်ကြည့်ခဲ့ရာ ချုံပုတ်၏ နောက်ကွယ်၌ သတ္တ၀ါတစ်ကောင် ပေါ်လာသည်။ ထိုသတ္တ၀ါသည် ရုတ်တရက်ကြည့်လျှင် မျောက်တစ်ကောင်အလား ထင်ရသည်။ သို့ပေမယ့် ထိုအကောင်သည် မျောက်မဟုတ်။ ရုတ်တရက်ဆိုသလို ထိုသတ္တ၀ါ၏ ဘေးတစ်ဖက်တစ်ချက်မှ တောင်ပံများ ပေါ်ထွက်လာပြီး ချက်ချင်းဆိုသလို လေထဲသို့ ပြန်တက်သွားသည်။ ထို့အပြင် တကိုယ်လုံး ချင်းချင်းနီနေသော ထိုအကောင်၏ နှုတ်မှ ထူးထူးဆန်းဆန်း စကားသံတစ်ခု ထွက်ပေါ်လာသည်။
“ဟိုအကောင် ရွာထဲရောက်သွားပြီဆိုတဲ့အကြောင်း… ငါ့ သခင်ဆီ မြန်မြန်သတင်းပို့မှပဲ …“
သီဟနှင့် လင်းသဒ္ဒါသည် တောင်ကြားရှိ ရွာထဲသို့ စတင်ဝင်ရောက်နေပြီ ဖြစ်သည်။ ရွာထဲရှိ အိမ်တွေ၏ တည်ဆောက်ပုံသည် သီဟ အဖို့တော့ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည်။ သူရောက်ဖူးသည့် ကျေးရွာများတွင် တွေ့ရလေ့ရှိသောအိမ်မျိုးနှင့် ပုံစံ သိပ်မတူခြေ။ သစ်လုံးများအများစုနှင့် ဖွဲ့စည်းထားသော အိမ်များသည် အိမ်ဟုခေါ်ရမည်ဆိုတာထက် ဂူဟုခေါ်လျှင် ပို၍ မှန်ကန်ပေလိမ့်မည်။ စိတ်ကူးယဉ်ကမ္ဘာထဲရှိ ထူးဆန်ရာ နယ်မြေတစ်ခုသို့ ရောက်ရှိသွားသည့်အလား ထင်မှတ်နေရသည်။
သီဟ၏ အံ့သြမှုက ထိုဂူပုံသဏ္ဍန်အိမ်များ၌ အဆုံးမသတ်ပါ။ သူတို့နှစ်ယောက် ရွာထဲဝင်လာသည်နှင့် အိမ်များထဲမှ အလျှိုလျှိုထွက်လာကြသော လူသားများကြောင့် ပို၍ အံ့အားသင့်ရပြန်သည်။ လင်းသဒ္ဒါ၏ ထူးခြားဆန်းကြယ်သော ပုံစံကို တွေ့မြင်ဖူးပြီမို့ သူမနှင့် အလားသဏ္ဍန်တူသော ရွာသူ၊ ရွာသားများ ထွက်လာခြင်းကို သီဟ မအံ့သြပါ။ သူ အံ့အားသင့်မိသည်က ထိုလူတစ်ပိုင်း၊ ၀ံပုလွေတစ်ပိုင်း သတ္တ၀ါများမှလွဲ၍ ကျန်သည့် အကောင်များသည် တကယ့်ဝံပုလွေများနှင့် မခြား တူညီနေသည့် ဖြစ်ရပ်ပင်။ ခြေထောက်နှစ်ချောင်းကို ထောက်ကာ မတ်တပ်ရပ်နေမှု တစ်ခုကြောင့်သာ သီဟ အဖို့ ၎င်းတို့အား ၀ံပုလွေအဖြစ် ယူဆဖို့ ခက်နေခြင်း ဖြစ်သည်။ ဒီလိုမှ မဟုတ်လျှင် သီဟတစ်ယောက် ၀ံပုလွေကမ္ဘာထဲသို့ ရောက်နေသည်ဟု ယူဆမိမည်မှာ သေချာလှပါသည်။
ရွာလမ်းမဟု ထင်ရသော လမ်းတလျှောက် လင်းသဒ္ဒါခေါ်ဆောင်ရာသို့ လိုက်ပါလာခဲ့ရာ၊ အတော်ကြာလျှောက်မိသည့်နှင့် ကျယ်ပြန့်သည့် ကွင်းပြင်တစ်ခုသို့ ရောက်ရှိလာလေသည်။ ထိုကွင်းပြင်၏ ရှေ့တည့်တည့်တွင်မူ ရွာထဲတွင် အကြီးဆုံးအိမ်ဟု ခေါ်ဆိုရမည့် အိမ်ကြီးတစ်လုံးသည် ထည်ထည်ဝါ၀ါတည်ရှိနေသည်။ နှစ်ထပ်အိမ်ပုံစံ အဆောက်အဦးမို့ ကြည့်ရသည်မှာ အကြီးအကဲတစ်ဦး၏ အိမ်ဖြစ်ရမည်ဟု သီဟ တွက်ဆသည်။ သူထင်သည်မှာ မမှားပါ။ လင်းသဒ္ဒါသည် ထိုအိမ်ရှေ့ရှိ မြေကွက်လပ်သို့ ရောက်သည်နှင့် ရှေ့ဆက်မသွားတော့ချေ။ ခရီးစဉ်တောက်လျှောက် သယ်ဆောင်လာခဲ့သည့် သီဟ၏ အထုတ်အပိုးများနှင့် သူမ၏ ဓါးရှည်ကို အသင့်ရှိနေသာ သစ်လုံးခုံတစ်ခုပေါ်တင်လိုက်ပြီး အိမ်ကြီးဘက်သို့ မော့ကြည့်ကာ ရပ်နေလေသည်။ ရွာထဲ ၀င်လာစဉ် ကတည်းက သီဟတို့နောက် မလှမ်းမကမ်းမှ ကပ်ကာပါလာကြသည့် ၀ံပုလွေလူစုသည်လဲ သူတို့နှင့် မလှမ်းမကမ်းတွင် ရပ်ကာ ရှိနေကြသည်။
“လင်းသဒ္ဒါ .. မင်းခေါ်ရမယ့် လူပါလာပြီလား …“ “ပါလာပြီ .. အဖေ …“
အိမ်ကြီးဘက်မှ ထည်ဝါလှသော ယောက်ျားကြီးတစ်ဦး၏အသံကို ကြားလိုက်ရပြီးနောက် လင်းသဒ္ဒါသည် သူမ ဦးခေါင်းကို အနည်းငယ်နိမ့်ချပြီး ပြန်ဖြေလိုက်သည်ကို သီဟ သတိထားမိသည်။ စကားသံဆုံးသည်နှင့် အိမ်ပေါက်ဝမှနေ၍ ၀ံပုလွေကြီးနှစ်ကောင် လမ်းလျှောက်၍ ထွက်လာကြသည်။ သီဟ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ လူတစ်ပိုင်း၊ ၀ံပုလွေတစ်ပိုင်းဟု ယူဆရမည့် လင်းသဒ္ဒါ စကားပြောသည်ကို သူ မအံ့သြမိသော်လဲ၊ အခု ၀ံပုလွေနှင့် ချွတ်စွတ်တူသော သတ္တ၀ါက လူစကားပြောလိုက်ခြင်းကို သူဘယ်လိုမှ မအံ့သြပဲ မနေနိုင်။ ထို့အပြင် လင်းသဒ္ဒါ၏ နှုတ်မှ အဖေဟု ခေါ်သံက သူ့အံ့သြမှုကို ပို၍ တိုးပွားစေသည်။ သီဟ အနားရောက်လာသည့် ၀ံပုလွေကြီးနှစ်ကောင်ကို သေချာစိုက်ကြည့်မိသည်။ သူ့ရှေ့တည့်တည့်ရှိ ၀ံပုလွေသည် အသက်ကြီးရင့်သော ပုံစံရှိပြီး တကိုယ်လုံး ငွေရောင်အမွေးများနှင့် ဖုံလွှမ်းထားသည်။ ထိုဝံပုလွေ၏ နဘေးရှိ အခြားသော ၀ံပုလွေမှာမူ သူနှင့်ဆန့်ကျင်ဘက် တကိုယ်လုံး မည်းနက်သော အမွေးများရှိသည်။ ထိုဝံပုလွေအမည်းကြီးသည် သီဟကို ၀င်းလက်စူးရှနေသာ မျက်လုံးများနှင့် စိုက်ကြည့်နေသည်။ ၀ံပုလွေများ၏ သဘောသဘာဝကို နားမလည်သည့်တိုင် ထိုဝံပုလွေ၏ အကြည့်က ရန်လိုသည့် အသွင်ဆောင်နေသည်ဟု သီဟခံစားရသည်။ သီဟဆိုသည်က နဂိုကတည်းက ထီမထင်လူသားမို့ မကြောက်မရွံ့ပင် ထိုဝံပုလွေ၏အကြည့်ကို ခပ်စိမ်းစိမ်း တန်ပြန်ကြည့်ကာ တုံ့ပြန်လိုက်သည်။ ၀ံပုလွေအမည်းသည် သီဟ၏ သဘောကို ရိပ်မိဟန်တူသည်။ သူ၏ပါးစပ်မှ မာန်ဖီသလို အသံထွက်လာပြီး ရှေ့တိုးမည်ပြုသည်။ ချက်ချင်းဆိုသလို ၀ံပုလွေအဖြူကြီးထံမှ လက်တစ်ဖက်က ၀ံပုလွေအမည်း၏ ပုခုံးကို ဆုပ်ကိုင်လိုက်ပြီး …
“ဗျဂ္ဂ … ငါ သူ့ကို စစ်မေးစရာ ရှိသေးတယ် …“
ကြည့်ရတာ ၀ံပုလွေအဖြူကြီးသည် အားလုံးထဲတွင် ခေါင်းဆောင်ဖြစ်ဟန်တူသည်။ ဗျဂ္ဂဆိုသည့် ၀ံပုလွေအမည်းကြီးသည် ထိုစကားသံအကြား၌ မကြေမချမ်းအသံကို ပြုနေပေမယ့် သီဟရှိရာသို့ ရှေ့တိုးလာသည်ကိုတော့ မတွေ့ရပေ။
”ကျုပ်ကပဲ စမိတ်ဆက်ပါ့မယ် .. ကျုပ်နာမည်က သိဒ္ဓိ ပါ .. ကျုပ်တို့ ရွာကတော့ မောင်ရင်မြင်သလိုပဲ ၀ံပုလွေရွာလို့ ဆိုကြပါစို့ .. ရိုးရိုးဝံပုလွေတော့ မဟုတ်ဘူး … ကျုပ်တို့က သမန်းဝံပုလွေတွေ …ကဲ .. မောင်ရင့်အကြောင်း ပြောပါဦး ..“ “ကျနော့် နာမည်က သီဟ .. မြန်မာ့တပ်မတော် ကွန်မန်ဒိုတပ်ရင်းက ..“ “မြန်မာ့တပ်မတော်က ?? … ဒါဆို မောင်ရင်က ဘယ်လိုဖြစ်လို့ ဒီနယ်မြေထဲ ရောက်လာတာလဲ ..“ “ကျနော်လဲ အဲဒါကိုသိချင်တာပဲ .. ဦးသိဒ္ဓိ.. ကျနော် မှတ်မိတာ ဒဏ်ရာတွေရပြီး ခြေဦးတည့်ရာ ထွက်ပြေးလာရင်း ၀ံပုလွေတွေ ၀ိုင်းတာ ခံရတယ် .. အာ .. ၀ံပုလွေဆိုတာ ဦးသိဒ္ဓိတို့လို မဟုတ်ဘူး .. တကယ့် ၀ံပုလွေတွေ … အဲဒီနောက် ကျနော် သတိမေ့သွားတယ် .. သတိပြန်ရတော့ .. ဟောဒီက မချောက ကျနော့်ကို တရွတ်ဆွဲခေါ်လာတာပဲ ..“
သီဟ၏ ရှင်းပြမှုအဆုံးတွင် ဦးသိဒ္ဓိဆိုသည့် ၀ံပုလွေဖြူကြီးသည် အနည်းငယ်တွေဝေသွားသည့်ဟန် ရှိသည်။ ၎င်း၏ ၀ံပုလွေမျက်လုံးတွေသည် သီဟကို စိုက်ကြည့်နေပေမယ့် မြင်ဟန်မတူ။ တစ်စုံတစ်ခုကို စဉ်းစားနေသည်နှင့် တူသည်။ ဟုတ်ပါသည်။ ဦးသိဒ္ဓိ၏ ခေါင်းထဲတွင် သီဟနှင့် ပတ်သက်သည့် အကြောင်းအရာတွေက တကယ်ကို ရှုပ်ထွေးစွာ လည်ပတ်နေလေသည်။ သီဟ … သူ ဘယ်လိုလူလဲ။ ဒီလူသား၏ ၀တ်စားဆင်ယုံပုံနှင့် ပြောပုံဆိုပုံက သူတို့တွေ့ဖူးသော လူသားများနှင့် မတူ၊ ထူးခြားလှသည်။ ဒါဆိုလျှင် သူသည် ကြိုတင်နမိတ်ထဲမှ ပြောသည့် သူရဲကောင်းဆိုတာများလား။ သို့ပေမယ့် လောလောဆယ် ဦးသိဒ္ဓိမြင်ရသည့် သီဟ ပုံစံက ဘယ်လိုမှ အထင်ကြီးစရာ မရှိ။ ဦးသိဒ္ဓိလောလောဆယ်တော့ ဘယ်လို ဆုံးဖြတ်ရမယ်မှန်း မသိ။ သီဟကို တောင်တော်ရှင်မဆီလွှတ်ကာ အဆုံးအဖြတ်ခံခိုင်းလျှင် ကောင်းမလား မသိ။
“ဒါဆို မောင်ရင်က .. ဒီနားပတ်ဝန်းကျင်က မဟုတ်ဘူးပေါ့ ..“ သီဟ ပုခုံးနှစ်ဖက်သာ တွန့်ပြမိသည်။ ဦးသိဒ္ဓိ၏ စကားအဆုံး၌ လင်းသဒ္ဒါသည် ရှေ့တိုးထွက်လာပြီး .. “အဖေ ... ကျမ သတင်းပို့စရာ ရှိတယ် .. ဒီလူဟာ ကျမတို့ အမျိုးအနွယ်တွေကို သတ်ပစ်ခဲ့တာ မနည်းဘူး .. အဲဒီအတွက် အပြစ်ပေးဖို့လိုတယ် ..“ လင်းသဒ္ဒါ၏ စကားအဆုံး၌ ဦးဗျဂ္ဂဟု ခေါ်ရမည့် ၀ံပုလွေအမည်းသည် မာန်ဖီသလို အသံပြုကာ ရှေ့တိုးလာသည်။ ဒီတစ်ခါတော့ ဦးဗျဂ္ဂ၏ လှုပ်ရှားမှုကို ဦးသိဒ္ဓိက မတားမြစ်တော့ပါ။ ချက်ချင်းဆိုသလို ဦးဗျဂ္ဂ သီဟရှေ့သို့ ရောက်လာသည်။ “လင်းသဒ္ဒါ .. ဒီကောင့်ကို ကြိုးဖြေပေးလိုက် ..“ ဦးဗျဂ္ဂဆီမှ စကားဆုံးသည်နှင့် လင်းသဒ္ဒါ သီဟနောက်နားသို့ တိုးကပ်လာပြီး လက်ပြန်ကြိုးကို ဖြေပေးသည်။ ခေါင်းကိုငဲ့ကာ လင်းသဒ္ဒါကို ကြည့်ချင်ပေမယ့် သူ့ရှေ့မှာ ရန်လိုသည့် အသွင်နှင့် ရှိနေသည့် ဦးဗျဂ္ဂကြောင့် သီဟ လှည့်ကြည့်ခွင့်မရ။ သတိကို မလွတ်တမ်းထားပြီး လက်ပြန်ကြိုးပြေသွားသည့် လက်နှစ်ဖက်ကို ပွတ်သပ်နေမိသည်။
“မင်းက .. ကျုပ်တို့ အမျိုးအနွယ်တွေကိုတောင် သတ်နိုင်တယ်ဆိုတော့ ဘယ်လောက် အရည်အချင်းရှိလဲ စမ်းလိုက်ရအောင် …“ “ဗျဂ္ဂ !!! …“ ဦးသိဒ္ဓိဆီမှ တားမြစ်သံလိုလို အသံထွက်လာသည်။ ဦးဗျဂ္ဂသည် ခေါင်းဆောင်၏ အသံကို ကြားပေမယ့် ဂရုမစိုက်သည့်အလား မာန်ဖီသံပြုသည်။ ၀ံပုလွေတစ်ကောင်နှင့် လက်နက်မဲ့ သတ်ပုတ်ဖို့ဆိုတာ တော်တော်စွန့်စားရမည့် ဖြစ်ရပ်မို့ ပတ်ဝန်းကျင်မှ အကူအညီရလိုရညား သီဟ ဘေးကို ကြည့်မိသည်။ ထို့ကြောင့်ပင် သူ ထူးခြားမှုတစ်ခုကို သတိပြုမိသည်။ ဦးသိဒ္ဓိတို့ ထွက်လာရာ အိမ်ကြီး၏ ခေါင်းမိုးထက်တွင် ထူးထူးဆန်းဆန်း ငှက်တစ်အုပ် တိတ်တဆိတ် လာနားသည်ကို တွေ့လိုက်ရသည်။ အားလုံးသော ၀ံပုလွေများသည် သီဟနှင့် ဦးဗျဂ္ဂ၏ ရန်ပွဲကို စောင့်ကြည့်နေမှုကြောင့် ထိုအချက်ကို သတိပြုမှုဟန် မတူ။ ထိုအခိုက် ဂီးခနဲ အော်သံနှင့်အတူ ငှက်တစ်ကောင်သည် အိမ်ခေါင်းမိုးထက်မှ လျှင်မြန်လှသည့် အဟုန်နှင့် ၀ဲပျံကာ ဆင်းလားသည်။
“ဦးသိဒ္ဓိ .. သတိထား !!! …“
အဖြစ်အပျက်က မြန်ဆန်လွန်းလှသည်။ သီဟဆီမှ ၀မ်းခေါင်းသံနှင့် အော်ဟစ်သံ ထွက်လာပြီးနောက် သူ့ကိုယ်သည် မြေကြီးပေါ် လှိမ့်ထွက်ကာ ခပ်လှမ်းလှမ်းတွင် လင်းသဒ္ဒါထောင်ထားခဲ့သည့် ရိုင်ဖယ်ဆီသို့ ရောက်သွားလေသည်။ သီဟ လက်ထဲ ရိုင်ဖယ်ရောက်သွားပြီနောက် စက္ကန့်ပိုင်းမခြား မောင်းတင်လိုက်ပြီး သူ့သေနတ်ပြောင်းက ဦးသိဒ္ဓိ၏ ခေါင်းတည့်တည့်သို့ ချိန်ရွယ်လိုက်သည်။ ကျယ်လောင်သည့်အသံနှင့်အတူ သူ့သေနတ်ပြောင်းဝမှ ကျည်ဆံတစ်တောင့် ပြေးထွက်သည်။ ဖန်းခနဲ အသံနှင့်အတူ ဦးသိဒ္ဓိ၏ ခေါင်းပေါ်တွင် သွေးနီတွေ ပေကျံသွားသည်။ သို့သော် ၀ံပုလွေကြီး ဦးသိဒ္ဓိမြေပြင်ပေါ်သို့ လဲပြိုမသွားပါ။ သူ့ဘေးနားသို့ ဖုန်းခနဲ မြည်ကာ ပြုတ်ကျလာသည့် ချွန်ထွက်နေသော အစွယ်များနှင့် ငှက်သဏ္ဍန် သတ္တ၀ါကို အလန့်တကြား ငုံ့ကြည့်နေသည်။
“မှင်စာတွေဟေ့ .… အားလုံး အသင့်ပြင် !! …“
ဦးဗျဂ္ဂ၏ အော်ဟစ် သတိပေးသံကြောင့် အံ့အားသင့်ကာ ကြောင်တောင်တောင် ဖြစ်နေကြသော ၀ံပုလွေတွေ အားလုံးသတိဝင်လာကြသည်။ သို့ပေမယ့် သူတို့၏ ပြင်ဆင်မှုက နောက်ကျနေလေပြီ။ ဦးဗျဂ္ဂ၏ အသံမှ မဆုံးသေး ဒါဇင်ပေါင်းများစွာသော မှင်စာဆိုသည့် အကောင်တွေသည် ပျံဝဲကာ ၀ံပုလွေတွေဆီကို ရောက်လာကြပြီ ဖြစ်သည်။
“ဂီး …ဂီး … ဂါး .. ဂါး .. အူ .. ၀ူး … “
ကွင်းပြင်တစ်ခုလုံး အမျိုးအသွင်မတူသော သတ္တ၀ါအုပ်စု နှစ်စု၏ တိုက်ခိုက်မှုအသံများနှင့် ဖုံးလွှမ်းသွားသည်။ သမန်းဝံပုလွေတွေ၏ ခုခံမှုက အားမာန်အပြည့်နှင့် ဖြစ်သော်လည်း မျောက်ပျံလိုလို၊ ငှက်ပျံလိုလို သတ္တ၀ါများ၏ တိုက်ခိုက်မှုက ပို၍လျှင်မြန်လှသည်။ ချွံထက်လှသည် သူတို့၏ လက်သည်း၊ သွားစွယ်များနှင့် ၀ံပုလွေတို့၏ ဦးခေါင်းကိုအရအမိကိုက်မိသွားလျှင် ၀ံပုလွေတွေသည် ခုခံနိုင်စွမ်းမရှိဖြစ်ရသည်ကို တိုက်ပွဲတွင် ၀င်မပါသေးသည့် သီဟ သတိထားမိသည်။ ထို့အပြင် မှင်စာဆိုသည့် အကောင်တွေသည် တောင်ပံစွမ်းအားနှင့် တစ်နေရာမှတစ်နေရာသို့ အလျှင်အမြန် ကူးသန်းသွားလာနိုင်ရာ ၎င်းတို့၏ လှုပ်ရှားမှုကို မှန်းဆဖို့ ခဲယဉ်းလေသည်။ ဦးသိဒ္ဓိတို့ဘက်မှ အရေအတွက်များသော်လဲ လှစ်ခနဲဝင်၊ လှစ်ခနဲ ပျံတက်သွားသည့် မှင်စာတွေကို မိမိရရ မတုံ့ပြန်နိုင်သေးပေ။
လင်းသဒ္ဒါ၏ လက်မှ ဓါးရောင်သည် နေရောင်အောက်တွင် တလက်လက်နှင့် တောက်ပနေသည်။ သူမ၏ လှုပ်ရှားဟန်သည် ၀ံပုလွေတစ်ကောင်နှင့် မတူပဲ ကျွမ်းကျင်သော ဓါးသမားတစ်ယောက်၏ လှုပ်ရှားမှုနှင့်တူသည်။ Azumi ဆိုသည့် ဆာမူရိုင်းမအလား ထင်ရသည်။ သူမဓါးရှေ့သို့ ရောက်လာသော မှင်စာများသည် လင်းသဒ္ဒါ၏ တုံ့ပြန်မှုကြောင့် အောင်မြင်မှုမရသေးပါ။ အချို့အကောင်များသည် ဓါးချက်မိကာ အသက်နှင့်ကိုယ် ကင်းကွာသွားကြရသည်က များသည်။ သီဟ ကြည့်နေစဉ်မှာပင် လင်းသဒ္ဒါသည် ခုန်၍ သူမ အဖေ၏ နောက်ကျောကို အလစ်ဝင်တိုက်သည့် မှင်စာတစ်ကောင်ကို လေထဲမှာပင် ခုတ်ချလိုက်သည်။
“လင်းသဒ္ဒါ .. နောက်မှာ !!! .. “ “ဖန်း …“
သီဟ လက်ထဲရှိ ရိုင်ဖယ်မှ ဒုတိယအကြိမ်အဖြစ် သေနတ်သံထွက်သွားစဉ်တွင် လင်းသဒ္ဒါ၏ နောက်ဖက်သို့ ပျံဆင်းလာသည့် မှင်စာ၏ ခေါင်းသည် တစစီဖြစ်ကာ မြေကြီးပေါ်သို့ ပြုတ်ကျသည်။ လင်းသဒ္ဒါ သီဟကိုကျေးဇူးတင်သည့် အကြည့်နှင့် လှမ်းကြည့်သည်။ သီဟ သူမ၏အကြည့်ကို နားလည်သည့်ဟန်နှင့် ခေါင်းညိတ်ပြသည်။ ထို့နောက်တွင်တော့ သူ့ရိုင်ဖယ်ဆီမှ သေနတ်သံများက ဆက်တိုက်ဆိုသလို ထွက်လာသလို၊ လူကိုယ်တိုင်လဲ မှင်စာတွေဝဲပျံနေရာတလျှောက် တိုးဝင်ကာသွားသည်။ ကွန်မိုဒိုတပ်သား မောင်သီဟ တိုက်ပွဲခေါ်သံနောက်သို့ လိုက်ပါသွားချေပြီ။
သီဟ၏ လက်က သူ့စိတ်ကြိုက်အနေအထားအတိုင်း ရှိနေသော်လဲ၊ ဘယ်ခြေထောက်ကမူ စိတ်ဆောင်သလောက် လိုက်ပါနိုင်ခြင်းမရှိပါ။ ၀ံပုလွေ အကိုက်ခံထားရသည့်အပြင်၊ ခရီးမိုင်တော်တော်များ လင်းသဒ္ဒါဆွဲခေါ်ရာနောက်သို့ မနေမနား လိုက်လာခဲ့ခြင်း အကျိုးဆက်ကြောင့် အခုလိုလို လှုပ်လှုပ်ရှားရှား ပြုမူရသည့်အချိန်တွင် သွေးများစီးကျပြီး မခံမရပ်နိုင်အောင် ပြန်နာကျင်လာသည်။ သီဟ အံတင်းတင်းကျိတ်ထားရင်း သူ့ရင်ပတ်ကို ၀ဲကာထိုးသုတ်သည့် မှင်စာတစ်ကောင်ကို ပစ်ထည့်လိုက်သည်။ မှင်စာသည် သီဟရှေ့တည့်တည့် ခြောက်လက်မလောက်အလိုတွင် မြေပြင်ပေါ်သို့ ပြုတ်ကျသည်။ ချက်ချင်း မသေသေးပဲ ဆန့်ငင်ဆန့်ငင်ဖြစ်နေသည်။ သီဟ ရိုင်ဖယ်ပြောင်းဝမှ နောက်ထပ် ကျည်ဆန်တစ်တောင့် ထွက်သွားသည်။
“အား … အမေရေ .. လုပ်ပါဦး …“
ရုတ်တရက်ဆိုသလို တဲငယ်တစ်ခု၏ နောက်ဘက်နားမှ စူးရှသည့် အော်သံတစ်ခု ထွက်လာသည်။ သူနှင့် အနီးကပ်ဆုံးဖြစ်နေသဖြင့် သီဟ ထော့နဲ့ထော့နဲ့နှင့် ဖြစ်နေသည့်တိုင် အသံကြားရာသို့ ရောက်အောင် သွားသည်။ တွေ့ရသည့် မြင်ကွင်းက ကြည့်လို့မကောင်း။ မှင်စာတစ်ကောင်သည် ကလေးမလေးတစ်ဦး ကျောကုန်းပေါ်နားကာ ဦးခေါင်းကို ထိုးဖောက်ဟန်ပြင်နေသည်။ ကလေးမလေးသည် ကြောက်ကြောက်လန့်လန့်နှင့် သူမကိုယ်ပေါ်တွင်ရှိနေသော မှင်စာကို လက်နှစ်ဖက်နှင့် အတင်းတွန်းကန်ဖယ်ရှားနေမှုကြောင့်သာ ထိုမှင်စာစုတ် အခုထက်ထိ မအောင်မြင်ခြင်းဖြစ်သည်။ သီဟ လက်နှေးမနေချေ။ သူ့သေနတ်မှ ကျည်ဆံထွက်သွားသည်နှင့် မှင်စာခမျာ ဘာဖြစ်မှန်းမသိပဲ အသက်ပျောက်သွားသည်။



No comments:
Post a Comment